လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး တို့အား ထိခိုက်စေမည့် အရေးအသား အသုံးအနှုန်းမျိုးကို ရှောင်ရှားစေလိုကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 24, 2018

လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး တို့အား ထိခိုက်စေမည့် အရေးအသား အသုံးအနှုန်းမျိုးကို ရှောင်ရှားစေလိုကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား


မောင်မောင်သန်း(တောင်ကြီး)
.
သျှမ်းသံတော်ဆင့် သတင်းဌာန တည်ထောင်ခြင်း (၂၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ အမုန်းတရား ပွားများစေမည့် လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေးစသည်တို့ကို ထိခိုက်စေမည့် အရေးအသားအသုံးအနှုန်း မျိုးကို ရှောင်ရှားစေလိုကြောင်း ပြောဆိုခဲ့သည်။
.

အခမ်းအနားတွင် သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် စိုင်းမိဏ်းက သျှမ်းသံတော်ဆင့် (၂၇)နှစ်ပြည့်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သျှမ်းသံတော်ဆင့် တည်ထောင်သူ ဦးခွန်စိုင်းမှ အုန်းမောင်းခေါက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး အိမ်နီးချင်း (၃)နိုင်ငံနှင့် ထိစပ်နေကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် အကြီးမားဆုံးနှင့် အကျယ်ဝန်းဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း၊ တန်ဖိုးမဖြတ် နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး သဘာဝတောတောင်၊ လျှိုမြောင်၊ စိမ့်စမ်းတို့ဖြင့် အေးချမ်းသာယာသောကြောင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၃၀)ကျော်စုပေါင်းနေထိုင်ကြသည့် ပြည်နယ် တစ်ခုဖြစ်ကာ ပြည်နယ်ကျယ်ဝန်းသည့်အတွက် ဒေသတွင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများ၊ သတင်းအချက်အလက်များကို ယခုထက်ပိုမိုရရှိရန် သတင်းဌာနများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ဒေသတွင်းမီဒီယာဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိုင်းရင်းသား မီဒီယာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လေ့လာသိရှိရပါ ကြောင်း၊ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်စေရေးတွင် မိမိတို့ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းများကို ဖော်ညွှန်းနိုင်သည့် ရိုးရာဓလေ့ ယဉ်ကျေးမှုအနုပညာ၊ ဘာသာစာပေ၊ ဘာသာစကားစသည်တို့သည် အလွန် အရေးကြီး၍ တိုင်းရင်းသားဒေသတွင်း မီဒီယာဟုဆိုသော်လည်း ဒေသတွင်းသတင်းမဟုတ်ဘဲ အခြား ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအဖြစ်အပျက်များကို သတင်းဖလှယ်ပေးနိုင်ပါက ပိုမိုကောင်းမွန်လာမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း၊ မျိုးနွယ်စုများအချင်းချင်း စိတ်ဝမ်းကွဲစေမည့်၊ အမုန်းတရား ပွားများစေမည့် လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေးစသည်တို့ကို ထိခိုက်စေမည့် အရေးအသားအသုံးအနှုန်း မျိုးကို ရှောင်ရှားစေလိုကြောင်း ပြောကြားခဲ့သည်။
.

ထို့နောက် စာရေးဆရာ၊ ကဗျာဆရာ၊ သျှံပိုင်းသတင်းဂျာနယ် အယ်ဒီတာချုပ် ဟန်းကာယန်းမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး သျှမ်းသံတော်ဆင့် သတင်းမီဒီယာဌာန ဝန်ထမ်းများနှင့် မိတ်ဆက်ပေးကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
.

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သျှမ်းသံတော်ဆင့်သတင်းဌာနမှ တာဝန်ရှိသူများ၊ သတင်းဌာန အသီးသီးမှ သတင်းမီဒီယာများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
.
 

No comments:

Post a Comment