မြူခိုးတွေ ဝေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, November 29, 2018

မြူခိုးတွေ ဝေ



မောင်ချမ်းမွန်
.

.
ဒီမြို့လေးကိုပြန်မရောက်ဖြစ်တာ ယခုဆို လျှင် သုံးနှစ်ခန့်ရှိခဲ့ချေပြီ။ သုံးနှစ်ဆိုသည်မှာ အလွန်ကြာညောင်းသည့်ကာလ မဟုတ်သော် ငြားလည်း စိုင်းနောင်၏ ရင်ထဲတွင် အရာရာ စိမ်း နေသလို ခံစားနေရသည်။ သြော် စိမ်းမှာပဲလေ။ ထင်းရှူးစိမ်း၊ သစ်တောစိမ်းနဲ့မိစိမ်းကားကြီး တို့ရှိရာ နယ်မြေမဟုတ်ပါလား။
ထိုစဉ် ကားမူးတတ်၍ ခပ်ဟဟဖွင့်ထား သော ကားပြူတင်းပေါက်မှ နှင်းရနံ့ပါသော အေးသက်သည့်လေက ဝင်လာသည်။ ဇစ်မဆွဲရ သေးသော အနွေးထည်အင်္ကျီကို ခါးဆန့်၍ ဆွဲ လိုက်ပြီး သိုးမွှေးဖြင့် ယက်ထားသော အဖြူ ရောင် အနွေးထည်ဦးထုပ်ကို တစ်ချက်နမ်းကာ ဆောင်းလိုက်သည်။ ဦးထုပ်က ချယ်ရီရနံ့သင်း နေသည်။ ဒီချယ်ရီရနံ့ရေမွှေးကို သူမက ယိုးဒ ယားပြန်လက်ဆောင် ပေးထားသည်။ ''နင် တစ်သက်လုံး ချယ်ရီမြေဖြစ်တဲ့ တို့မြို့လေးကို မမေ့ရအောင်လို့ နင့်အတွက်လက်ဆောင်ဝယ် ခဲ့တာ''ဟု သူမက စိုင်းနောင်ကို ရိသဲ့သဲ့ ပြော ကာ ပေးခဲ့သည်။
''နင် တခြားရက်တွေပြန်မလာတာ ကိစ္စ မရှိပေမယ့် တို့မြို့ရဲ့အသက်တမျှအရေးပါတဲ့ နေ့ကိုတော့ ပြန်လာသင့်တာပေါ့ဟာ''
''တော်စမ်းပါ။ အဓိပ္ပါယ်မရှိတဲ့ အလုပ် တွေ''
''ဘာ . . . . . ။ နင် စကားကို ပြန်ပြင် ပြောလိုက်စမ်း စိုင်းနောင်''
သူမ စိတ်တိုသွားသည် ထင်သည်။ တုန် ယင်နေသောအသံတွင် ဒေါသတွေကအလိပ် လိုက် ပါလာသည်။ သို့သော် စိုင်းနောင်ကတော့ မလျော့။ ကြပ်ပူထိုးလေရောင်လေဆိုတာ စိုင်း နောင်မှ စိုင်းနောင်အစစ်။
''ဒီကိစ္စနဲ့ပက်သက်ပြီး နင်နဲ့ ခဏတိုင်း ရန်ဖြစ်ခဲ့ရပြီ။ ဒါပေမဲ့ ငါမြင်တဲ့အမှန်တရားက လည်း ရွေ့လျားသွားမှာ မဟုတ်ဘူး နန်းဟွမ် ဖွေး''
''တောက် . . . .။ အေး နင်လိုချင်တဲ့ ငါ့ ဆီကအချစ် သေတောင်မရဘူးသာ မှတ် လိုက်ပါ . . . .''
''ဂွပ်''
.
နန်းဟွမ်ဖွေးက ကြိုးဖုန်းကို ဂွပ်ခနဲ မြည် အောင် ချသွားသည်။ သူမနဲ့ သူ၏အချစ် ဇာတ် လမ်းသည် တောင်ကြီးသွားသည့် လမ်းကဲ့သို့ ကွေ့ကောက်လွန်းသည်။ တစ်ခါတစ်ရံတွင် ထင်းရူးပင်အုပ်ကြီးများကဲ့သို့ အေးမြလွန်း သည်။ တစ်ခါတစ်ရံတွင် ချယ်ရီရနံ့များကဲ့သို့ မွှေးပျံ့လွန်းသည်။ တစ်ခါတစ်ရံတွင်မူကား နှင်း ဝေနေသော တောင်တက်လမ်းကဲ့သို့ အန္တရာယ် က လက်တစ်လုံးကြားမှာပင်တည်ရှိနေ၏။
''ဟေ့ကောင် ထ ထ။ အေးသာယာ ကျော်သွားပြီ။ တို့အညောင်းပြေလမ်း လျှောက် ဆင်းရင်း ကော်ဖီလေးဘာလေး သောက်ကြ အောင်''
ပြောပြောဆိုဆိုနှင့် ဦးစိုင်းလူက ကားတံခါး ကို ဝုန်းခနဲပိတ်ကာ ရှေ့ကနေဆင်းသွားသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဆောင်းတွင်းသို့ ချင်းနင်းဝင်ရောက်စ ဖြစ်နေသော်လည်း အေး သာယာ အလွန်၏ တောင်ကုန်းလေးတွင် မြူများက ဆောင်းတွင်းရောက်နေသကဲ့သို့ ဖွေးဖွေးဖြူနေသည်။ မနေ့ကညနေ ၅ နာ ရီကတည်းက ရန်ကုန်မှထွက်လာခဲ့သော်လည်း လမ်းတွင် ဦးလေးစိုင်းလူ၏အသိမိတ်ဆွေ တို့ဆီ ဝင်နေသောကြောင့် ယခုနံနက် ၇ နာ ရီထိုးနေသည်ကိုပင် တောင်ကြီးသို့ မရောက် သေးပေ။ စိုင်းနောင်က ဘွတ်ဖိနပ်ကိုချွတ်ကာ ခြေဗလာဖြင့် ကော်ဖီဆိုင်အတွင်းသို့ ဝင်လိုက် သည်။
''ဟာ ငါ့တူ။ ဒီလောက်အေးနေတာ ဘာ လို့ ဖိနပ်ကိုချွတ်ခဲ့တာလည်းဟ''
''သုံးနှစ်ကြီးတောင် ခွဲခွါခဲ့ရတဲ့ ဇာတိမြေ တောင်ကြီးကို ခြေဖဝါးကနေ နှလုံးသားထဲ အထိ ပြန်စိမ့်ဝင်လာမလားလို့ ကျွန်တော်ချွတ် ခဲ့တာပါ ဦးလေး''
''တော်စမ်းပါကွာ။ ဒီချိန်ထိ ကဗျာဆန်မ နေစမ်းနဲ့။ မင်း အသဲကွဲမှ ကဗျာဆန်ကွ ဟား ဟား''
ဦးစိုင်းလူနှင့် စိုင်းနောင်သည် တူဝရီးဟု ဆိုသော်လည်း အသက်အားဖြင့် ၁ဝ နှစ်မျှသာ ကွာသည်။ တူဝရီး၏ဆက်ဆံရေးသည် သူ ငယ်ချင်းကဲ့သို့ပင် ပွင့်လင်းလှသည်။
''ဦးလေးကလည်းဗျာ။ ကျွန်တော် အောင် အောင်မြင်မြင် လွှတ်တင်နိုင်မှာပါ''
ပြောပြောဆိုဆို ဦးစိုင်းလူ၏ဘေးတွင်ထိုင် ကာ ငှဲ့ထားသောရေနွေးကြမ်းကို မမှုတ်ပဲ သောက်လိုက်သည်။ မွှေးပျံ့သောလက်ဖက် ခြောက်အနံ့က သူ၏ သွေးကြောထဲသို့ စီးဝင် သွားသည်။ ကြည့်ရသည်မှာ ဒီလက်ဖက်ခြောက်သည် ဆိုင်တွင်ဝယ်သော လက်ဖက်ခြောက် မဟုတ်ဘဲ ကိုယ်တိုင်လှော်ထားသောလက်ဖက် ခြောက်ဖြစ်ဟန်တူ၏။ ဒီရနံ့ကိုသူ သောက်ခဲ့ဖူး သည်။
''မွှေးနေတာပဲ လက်ဖက်ခြောက်က။ အရသာလည်း တော်တော် ရှိတယ်''
''ရှိမှာပေါ့။ ဒါ ရိုးရာလက်ဖက်ခြောက်လေ။ တို့ဘိုးဘွားစဉ်ဆက်က လှော်ခဲ့တဲ့ နည်းလမ်းနဲ့ အမေ ကိုယ်တိုင် လှော်ထားတာ''
''ဟုတ်လား''
''ဟုတ်တယ်။ အဲဒီလိုပဲ ရိုးရာဆိုတာ ဖျက် သင့်တဲ့အလုပ်တစ်ခုမဟုတ်ဘူး''
ထိုကဲ့သို့စကား စလာသည်ဆိုလျှင် သူမ ဘာပြောတော့မည်ဆိုတာ သူသိသည်။ ပြဿ နာမဖြစ်ချင်၍သာ စိုင်းနောင်က ငြိမ်နားထောင် နေလိုက်သည်။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက သူမနဲ့သူ အကြီးအကျယ် ရန်ဖြစ်ထားသည် မဟုတ်ပါလား။
.
''မီးပုံးပျံပွဲတော်ဆိုတာကလည်း အဲဒီလိုပဲ။ ၁၃ဝ၃ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာ။ ခုဆို နှစ်ပေါင်းမနည်းတော့ဘူး။ ဒီလိုဘိုးဘွား တွေရဲ့ ရိုးရာကို ငါတို့က ထိန်းသိမ်းရမယ်လေ။ မီးပုံးပျံလွှတ်တာ အပျော်သက်သက် လွှတ်တာ မဟုတ်ဘူး။ နတ်ပြည်မှာရှိတဲ့ စူဠာမုဏိစေတီ တော်ကို ပူဇော်တာပဲ။ ဒါ ကောင်းတဲ့ ကိစ္စမ ဟုတ်လို့ ဘာလဲ''
''ငါ အေးအေးဆေးဆေး နေပါရစေကွာ။ ငါ့ကို ဒါတွေ လာမပြောစမ်းပါနဲ့''
''ပြောရမယ် ပြောကို ပြောရမယ်။ ဒီမီးပုံး ပျံကျင်းပတာကို နင်က ငွေကုန်တာတစ်ခုတည်း ပဲ မြင်တာကိုး။ ဟော တောင်ကြီးမြို့သူ မြို့ သားတွေ၊ ရှမ်း၊ ဓနု၊ ပအိုဝ်း၊ အင်းသား၊ ဗမာ စတဲ့ တိုင်းရင်းသားတွေ ချစ်ချစ်ခင်ခင်ညီညီ ညွတ်ညွတ်နဲ့မြင်ရတာ ဘယ်လောက် ပျော်စရာ ကောင်းလဲ။ ပြီးတော့ ဝင်ငွေတွေကြည့်ဦး။ မြန် မာပြည် အရပ်ရပ်ကပါမကဘူး။ ကမ္ဘာလှည့်ခရီး သွားတွေပါ နှစ်တိုင်းနှစ်တိုင်း သောင်းချီသိန်း ချီလာတာ။ သူတို့ဆီကနေနိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရတယ်။ နိုင်ငံ တော်တင်မကဘူး ဒီမှာရှိတဲ့ ဈေးဆိုင်တွေ ဟော်တယ်တွေ တည်းခိုခန်းတွေ ကယ်ရီသမား တွေ ထမင်းဆိုင်တွေ အကုန်လုံး ဝင်ငွေရကြ တယ်''
နန်းဟွမ်ဖွေးက မရပ်မနား တရစပ်ပြော နေသည်။ စိုင်းနောင်က မျက်မှောင်ကုတ်လိုက် ပြီး . . .
''အေး ဒါဆို စိန်နားပန်တစ်လုံး ဘယ် လောက်ကုန်လဲ''
''၁၅ သိန်းနဲ့ ၂ဝ နဲ့ ကြားပေါ့''
''ညမီးကြီးကကော''
''သိန်း ၅ဝ ဝန်းကျင်''
''ဟုတ်ပြီ တစ်နှစ်ကို စိန်နားပန် ဘယ်နှစ် လုံးလွှတ်ပြီး၊ ညမီးကြီး ဘယ်နှလုံးလွှတ်တင် လဲ''
''စိန်နားပန် ၅ဝ လောက်လွှတ်ပြီး ညမီး ကြီး ၈ဝ လောက်လွှတ်တယ်''
''အိုကေ။ တွက်ကြည့်စမ်း စိန်နားပန် အလုံး ၅ဝဆိုရင် သိန်း ၂ဝ နဲ့တွက်ရင် သိန်း ၁ဝဝဝ။ ညမီးကြီး အလုံး ၈ဝ ကို သိန်း ၅ဝ နဲ့တွက်ရင် သိန်း ၄ဝဝဝ။ စုစုပေါင်းသိန်း ၅ဝဝဝ။ ဒါတောင် နေ့လွှတ်တဲ့ အရုပ်တွေ မပါသေးဘူး။ အေးအဲဒီ သိန်း ၅ဝဝဝ ကို မရှိဆင်းရဲသားတွေ လိုက်လှူမယ်။ မိဘမဲ့ ကလေးကျောင်းတွေ လိုက်လှူမယ်။ ပရဟိတ ဖောင်ဒေးရှင်းတွေ လိုက်လှူမယ်ဆိုရင် အ လကားသက်သက် ကောင်းကင်ပေါ် လွှင့်တင် မယ့်အစား ကုသိုလ်မရဘူးလား။ နင်တို့က ငွေ အကုန်ခံပြီး ရိုးရာ ရိုးရာနဲ့ တစ်ရိုးတည်းရိုးပြီး တစ်ရာတည်းရာနေတာ။ အဲဒါတွေကျတော့ နင်တို့ မစဉ်းစားဘူးမို့လား''
''ကုန်သွားတဲ့ သိန်း ၅ဝဝဝ ဆိုတာကို နင့်မျက်လုံးထဲကနေဖယ်ပြီး ငါတွေးသလို ငါခံ ယူသလို ငါတို့လူမျိုးတွေ သိရှိသလိုမျိုး နင် စဉ်းစားစမ်းပါ။ ကိုယ့်လူမျိုးရဲ့အမွေအနှစ်ကို ကိုယ်ကိုယ်တိုင်ကမှ မထိန်းသိမ်းရင် ဘယ်သူက လာထိန်းသိမ်းမှာလဲ။ အိန္ဒိယနိုင်ငံကိုကြည့်။ ပြီးတော့ သီရိလင်္ကာ ပါကစ္စတန် အီဂျစ် အီတလီ။ ကမ္ဘာပေါ်မှာ နိုင်ငံတော်တော်များများဟာ သူ တို့ဘိုးဘွားစဉ်ဆက်က အမွေအနှစ်တွေထိန်း သိမ်းပြီး စိတ်ဝင်စားဖွယ်ရာတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်တယ်။ ငါတို့မြို့မှာ လည်း ခုလိုမီးပုံးပျံ လွှတ်တင်တယ်ဆိုတာက ကုသိုလ်လည်းရ၊ ပြည်ပဝင်ငွေလည်း ရတယ်။ အောက်ခြေ လူတန်းစားအထိ အခြေနေကို တစ်ကြိမ် တစ်ခါမှ မလေ့လာဖူးဘဲနဲ့ နင်စိတ် ထင်တာတွေ တဖက်သက် စွပ်စွဲမနေနဲ့။ မီးပုံး ပျံဆိုတာ နင်တွေးထားသလိုမျိုး ကောင်းကင် ပေါ်လွှတ်တင်လိုက်တာနဲ့ သိန်း ၅ဝ အလဟ ဿကုန်ပြီး ဘာမှ ပြန်မရလိုက်တာမျိုး မဟုတ်ဘူး''
နန်းဟွမ်ဖွေးက ပြောပြီးသည်နှင့် ခုံပေါ်တွင် တင်ထားသော လက်ကိုင်အိတ်ကို စွတ်ခနဲယူ ကာ လက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်သွား လေသည်။ အောက်ခြေလူတန်းစား။ ဒီစာ လုံး ကို နန်းဟွမ်ဖွေးက သေသေချာချာအသုံးပြု သွားသည်။ သူမက ထွက်သွားသော်လည်း သူမ၏စကားလုံးများက စိုင်းနောင်၏ နားထဲ တွင် ပဲ့တင်ထပ်ကာ ကျန်ရစ်နေခဲ့သည်။ သူမ ပြောသကဲ့သို့ စိုင်းနောင်သည် အောက်ခြေလူ ထုအထိ သူ၏အမြင်နဲ့ ပက်သက်၍ မလေ့ လာခဲ့ဘူးပါ။ လေ့လာစရာလည်း မလိုဟု သူ သန္ဒိဋ္ဌာန်ချမှတ်ထားသည်။ နန်းဟွမ်ဖွေး နှင့် သူသည် ငယ်သူငယ်ချင်းအရင်းကြီးများဖြစ် ကြသော်လည်း ရိုးရာမီးပုံးပျံပွဲနှင့်ပက်သက်၍ အမြင်နှင့် အယူအဆခြင်း တစ်ဦးနှင့်တစ်ဦး လုံးဝမတူချေ။
''ဟေ့ကောင် မစားတော့ရင်လည်း သွား ကြမယ်။ ရှမ်းခေါက်ဆွဲကိုကြည့်ပြီး ဘာတွေ တွေးနေမှန်းကို မသိဘူး။ နေရောကောင်းရဲ့ လား''
ဦးလေးဖြစ်သူက လက်မောင်းကို တွန်းထုတ်ကာပြောလိုက်တော့မှ စိုင်းနောင် ဘေးဘီ ကို ကြည့်လိုက်သည်။ အေးသာယာမြို့သစ် လေးကို အပေါ်စီးမှမြင်ရသည်မှာ ကြည်နူးဖို့ ကောင်းလှသည်။ အရင်တုန်းကဒီတောင်ငူလေး တွင် ယခုကဲ့သို့ လက်ဖက်ရည်ဆိုင်မရှိသေး။ ဒီနေရာ လေးကို သူမက အလွန်နှစ်သက် သောကြောင့် ညနေဆည်းဆာ အချိန်တိုင်း လိုက်ပို့ဖြစ်ကာ နှစ်ဦးသားအတူ စွန်လွှတ်ခဲ့ ဖူးသည်။ ယခုမူ ထိုအချိန်က အတူလွှတ်ခဲ့ ဖူးသောစွန်လည်း ဘယ်သို့ဘယ်ဌာနီ ရောက်ပြီ မသိ။ သူမနှင့် သူသည် တစ်ဦးနှင့်တစ်ဦး ချစ်နေသည်ကို သိနေကြသော်လည်း ယခု ချိန်ထိ သူမထံမှ အဖြေကို မရသေးချေ။ ယခု ကဲ့သို့ တန်ဆောင်မုန်းလနီး လာပြီဆိုလျှင် သူတို့ နှစ်ဦး၏ ဆက်ဆံရေးသည် ကြိုးပြတ် သွားသော စွန်ကဲ့သို့ဧရိယာပြင်ဘက် ထိပင် ရောက်နေတတ်ကြသည်။
''သွား သွားကြတာပေါ့ ဦးလေး''
.
စိုင်းနောင်က စကား ထစ်ထစ်အအဖြင့် ပြောကာ ရှေ့ဆုံးကပင် ကားထဲဝင်ထိုင်လိုက်သည်။ မြူများကား သုန်မှုန်စွာ ကျဆင်းနေသည် မဟုတ်သော်လည်း ခပ်ဝေးဝေးတွင်ရှိသော တောင်ကမူလေးကိုတော့ သဲကွဲစွာမမြင်ရချေ။ တောင်ကြီးမြို့၏အအေးဓာတ်သည် မည်သူပင် လာလာ စိုင်းနောင်တို့ကဲ့သို့ တစ်ကိုယ်လုံးကိုရစ် သိုင်း၍ ကြိုဆိုနေလေ၏။ မှန်၏။ ကြိုဆိုနေ သည်။ မိစိမ်းကားကြီးကလည်း စိုင်းနောင်ကို ဥပေက္ခာပြုကြိုဆိုနေမည်မှာ မလွဲပင်တည်း။ ထို့နောက် စိုင်းနောင်တို့၏ကားငယ်လေး သည် အကောက်အကွေ့များသော တောင်ပေါ် လမ်းလေးအတိုင်း တောင်ကြီးမြို့အဝင်၏ မြူ မှုန်ကြားထဲသို့ တိုးဝှေ့ကာ ပျောက်ကွယ်သွား လေတော့သည်။
''မီးပုံးဘာကြောင့် လွှတ်ရတယ်၊ ဗုဒ္ဓစွယ်တော် ပူဇော်ဖို့ဗျ။ တန်ဆောင်တိုင်မှာ မီးပုံးလွှတ် ပြီး၊ ပထမဆု ယူမယ် ယူမယ်။ မောရှမ်းတို့ကို နိုင်ဖို့ဆို၊ ဆယ်နှစ်ဆယ်ခါ ကြိုးစားပါဦး။ ယမ်း စပ်နည်းလေး သိချင်လား၊ ဆရာခေါ်ရင် ပေး မယ် ပေးမယ်။ မြူတွေဆိုင်းတဲ့ တို့တောင်ပေါ်၊ မောရှမ်းကသာ ပထမဟေ့''
ရှမ်းရိုးရာအိုးစည်များဖြင့် သံချပ်များ တိုင်ကာ အတိုင်အဖောက်ညီညီ သီဆိုကခုန်နေ ကြသည်။ ဦးစိုင်းလူနှင့် မောရှမ်းမီးပုံးပျံအ ဖွဲ့ကတော့ မှိုင်းဝအောင် သေသေချာချာ မီးစာရှို့ နေကြပြီး စိုင်းနောင်ကမူ ယမ်းများအပေါ်တွင် တစ်စုံတစ်ရာ ပြဿနာမဖြစ်အောင် ယမ်းခွေ ဘေးနားတွင် စောင့်ကြပ်နေ၏။ အဖွဲ့နှင့် မ သက်ဆိုင်သည့်သူများ မိမိတို့သတ်မှတ်ထား သည့်နေရာတွင် မကပ်ရလေအောင် ကိုညွန့်လှိုင် တို့က အော်ဟစ်သတိပေးနေသည်။ အဘယ့် ကြောင့်ဆိုသော် မီးပုံးပျံမလွှတ်တင်မီ ယမ်းများ ပေါက်ကွဲခဲ့သော် ယခုမီးပုံးပျံပြိုင်ပွဲတွင် မောရှမ်း အဖွဲ့ ဆုရဖို့နေနေသာ ကောင်းကင်ပေါ်တွင်ပင် အောင်မြင်စွာ လွှတ်တင်နိုင်မည်မဟုတ်ပေ။ ပေါက်ကွဲခြင်း။ အို . . . . ။ ပေါက်ကွဲလို့မဖြစ်။ စိုင်းနောင်အနေဖြင့် ယခုမီးပုံးပျံကြီး ပျက်စီး သွားလို့ မဖြစ်။ အောင်အောင်မြင်မြင် လွှတ်တင် နိုင်ရန် ရိုးရာဓလေ့ကြောင့် ပျော်ရွှင်နေကြ သည့် ဒီအဖွဲ့သားများထက်ပင် ပို၍အရေးကြီး နေသည်။ ထိုစဉ် . .  .
''ဟဲ့ စိုင်းနောင်''
ပခုံးကိုပုတ်၍ ခေါ်လိုက်သောကြောင့် စိုင်းနောင် နောက်ကို လှည့်ကြည့်လိုက်သည်။
''ဟင် . . . ဟွမ် ဟွမ်ဖွေး''
ပါးစပ်အဟောင်းသားဖြင့် စိုင်းနောင် က ဟွမ်ဖွေးကို ကြည့်နေသည်။ ရိုးရာဝတ်စုံအဖြူ ရောင်ဖြင့် ဟွမ်ဖွေးက လှပစွာပြုံးပြသည်။ သူမ ၏အပြုံးသည် ယဉ်သည်။ ချိုသည်။ အေးမြ သည်။ ပြီးနောက် မြင်ရသူများ ပြန်၍ ပြုံးမပြဘဲ မနေနိုင်အောင်လှသည်။ အဖြူရောင် လုံခြည် ပေါ်တွင် အပြာနုရောင် အစိမ်းရောင်နှင့် အနီ ရောင်လှိုင်းကလေးများ၊ မျဉ်းကွေးလေးများ၊ စတုရန်းအချွန်လေးများဖြင့် အနုစိပ်ပုံဖော်ထား သည်။ အင်္ကျီနှုတ်ခမ်းတွင် အနီရောင်နှင့် အစိမ်းရောင်ကို ချည်သားဖြင့် ပန်းပွင့်သဏ္ဍာန် ချုပ်ထားသည်။ ရိုးရာခေါင်းပေါင်းကမူ အဖြူ၊ အနီ၊ အနက်အကြားဖြင့် သူမ၏ခေါင်းပေါ်တွင် ဝင့်ြ<ွကားစွာ တည်ရှိနေ၏။ မိတ်ကပ်ပါးပါးလေး ပေါ်တွင် ရှင်မတောင် သနပ်ခါးဖြင့်ပါးကွက်ကြား ကွက်ထားသည်က တစ်မျိုးပင် ချစ်စရာကောင်း နေ၏။ ထိုအခိုက်တွင်လေတစ်ချက်ဝှေ့ လိုက်သောကြောင့် သူမဆီမှချယ်ရီရေမွှေးရနံ့ သူရလိုက်သည်။ ရှမ်းရိုးရာနှင့် ဘိုးဘွားတို့ ၏အစဉ်အလာကို ထိန်းသိမ်းတတ်သော နန်း ဟွမ်ဖွေးလိုသူမက တောင်ကြီးမြို့၏ အထင် ကရဂုဏ်ရှိသော ချယ်ရီ ရနံ့ကိုနှစ်သက်သည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
''နင့် မီးပုံးပျံ အောင်မြင်မယ်လို့ နင် ထင် သလား''
''နင်သာ ကတိတည်စမ်းပါ။ နင်ပြောသလို ငါတို့ မောရှမ်းအဖွဲ့မီးပုံးပျံကြီး အောင်အောင် မြင်မြင် လွှတ်တင်နိုင်ခဲ့ရင် ကျေကျေနပ်နပ်နဲ့ ငါ့ကို ချစ်တယ်လို့ ပြောဖို့ မေ့မနေပါနဲ့''
စိုင်းနောင် စကားကြောင့် နန်းဟွမ်ဖွေးက ပြုံးသည်။ မီးပုံးပျံကို မှိုင်းခံနေသောမီးရောင်က တစ်ချက် တစ်ချက် သူမ၏မျက်နှာကို လာ ဟပ်သည်။ အသားဖြူသောသူမ ပါးကွက်ကြား လေးနှင့် ချစ်စရာ ကောင်းသည်။ သြော် ရိုးရာ ဝတ်စုံနှင့် ရိုးရာခေါင်းပေါင်း ပေါင်းထားသော သူမသည် မလှဘဲ အဘယ်မှာ ရှိအံ့နည်း။
''မောရှမ်းအဖွဲ့ မီးပုံးပျံကတော့ မိုင်းဝနေ ပါပြီခင်ဗျား။ ယမ်းခွေတပ်ပါတော့မယ်ခင်ဗျား''
''မောရှမ်းတို့ကို နိုင်ဖို့ဆို၊ ဆယ်နှစ်ဆယ်ခါ ကြိုးစားပါဦး။ ယမ်းစပ်နည်းလေး သိချင်လား၊ ဆရာခေါ်ရင် ပေးမယ် ပေးမယ်။ မြူတွေဆိုင်းတဲ့ တို့တောင်ပေါ်၊ မောရှမ်းကသာ ပထမဟေ့''
အမှတ်ပေးဒိုင်လူကြီးများ၏ မိုက်ခရိုဖုန်းအ သံနှင့်အတူ မောရှမ်းအဖွဲ့၏ အိုးစည်ဗုံမောင်း အသံများက အားပါးတရ တီးခတ်မှုကြောင့် စိုင်းနောင် သတိဝင်ကာ နန်းဟွမ်ဖွေးအပါးမှခွာ ၍ ယမ်းခွေကို အဖွဲ့သားများနှင့်အတူ မီးပုံးပျံ ရှိရာသို့ တွန်းလာသည်။ ထို့နောက် မှိုင်းဝ နေသော မီးပုံးပျံတွင် ယမ်းခွေကို စတင်ချိတ် ကာ နိုင်လွန်ကြိုးဖြင့် မြဲမြံစွာချည်နှောင် လိုက်သည်။ ပြီးသော် ဦးစိုင်းလူနှင့် မီးဆရာ က ယမ်းကြိုးကိုမီးရှို့ကာ မီးပုံးပျံကို စတင် လွှတ်တင်လိုက်သည်နှင့် တစ်ပြိုင်နက် လာ ရောက်အားပေးသည့် ပရိသတ်များ၏လက်ခုပ် သံက အဝေရာမီးပုံးပျံကွင်းတစ်ခုလုံး တသော သောညံသွားသည်။
''ပရိသတ်များ ယခုမြင်နေရတဲ့ မီးပုံးပျံ ကတော့ မောရှမ်းအဖွဲ့ကဖြစ်ပြီး ဦးဆောင်သူ ကတော့ ဦးစိုင်းလူနဲ့ စိုင်းနောင်တို့ တူဝရီးပဲ ဖြစ်ပါတယ်ခင်ဗျား''
''မောရှမ်းအဖွဲ့ရဲ့ ရွှေလက်ရာ၊ မြန်မာ ပြည်မှာ ရှားမှရှားဟေ့။ နိုင်မယ်ထင်လို့ လာ ပြိုင်သလား၊ ဆယ်မိုး ဆယ်နွေ ကြိုးစားပါ ဦး''
မီးပုံးပျံသည် ပေ ၃ဝဝ အရောက်တွင် မီးရှုး မီးပန်းများ စတင်အသက်ဝင်လာလေသည်။ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အ ပြာ ရောင်နှင့် အပြာဖြူရောင် မီးပန်းများ သည် ကောင်းကင်ယံအထက်တွင် လှပစွာ ဖြာထွက်နေသည်။ ငါးကလေး ရေကူးသကဲ့သို့ အဖြူရောင်မီးပန်းသည်လည်း အရပ်ရှစ်မျက် နှာသို့ လှပစွာ ကူးခတ်နေသည်။ စိုင်းနောင် အ လွန်ပျော်မိ၍ ရှမ်းအိုးစည်နှင့်အတူ က,သည်။ စိုင်းနောင်၏ဘဝတွင် ယခုမီးပုံးပျံသည်သာ ပထမဦးစွာ လွှတ်တင်ဖူးးသည့် မီးပုံးပျံဖြစ်သည်။ ယခင်ကဆိုလျှင် မီးပုံးပျံလွှတ်တင်ခြင်းကို လွန် စွာမုန်းတီး၏။ ထိုသို့ဆိုလျှင် ယခုမှအဘယ့် ကြောင့် မီးပုံးပျံလွှတ်တင်သနည်း။ အောင်မြင် စွာလွှတ်တင်နိုင်လျှင် အဖြေပေးမည်ဟူသော နန်းဟွမ်ဖွေး၏ စကားကြောင့်လော။ မည်သို့ ပင်ဆိုဆို ယခုမူ မိမိကိုယ်တိုင်အောင်မြင်စွာ လွှတ်တင်နိုင်၍ ရှမ်းအိုးစည်နှင့်အတူ စိုင်း နောင်တစ်ယောက် ပျော်ရွှင်စွာက,နေ၏။
တောင်ကြီးအဆင်း လမ်းမကြီးသည် အ ကွေ့အကောက်များသောကြောင့် စိုင်းနောင် သတိထားကာ ကားကို မောင်းနေသည်။ ရှမ်း ပြည်နယ်တစ်ခွင်လုံးကို ရစ်ပတ်ထားသော မြူ နှင်းများကလည်း ထူထပ် လွန်းသောကြောင့် ထင်းရူးတောတန်းကြီးများပင် မြူနှင်းများ အောက်တွင် မြုပ်ချည် ပေါ်ချည် ဖြစ်နေသည်။ ဒီမြူနှင်းနှင့်အတူစိုင်းနောင် ရန်ကုန်ကို ပြန်ချင် သည်။ ညက (၁)နာရီကျော်မှသာ မိမိတို့ မီးပုံးပျံကို လွှတ်တင်ခဲ့ရပြီး ၂ နာရီခန့်ကြာမြင့် သည်အထိ အဝေရာကွင်းထဲတွင်ရှိနေခဲ့သည်။ လူအုပ်ကြီးသည် ည (၂)နာရီ ထိုးပြီးနေသော် လည်း ရွှင်လန်းတက်ြ<ွကစွာဖြင့် ထပ်မံလွှတ် တင်မည့် ညမီးကြီးမီးပုံးပျံကို စောင့်ဆိုင်းအား ပေးနေကြ၏။
''သားတို့က ပိုပြီးတော့တောင် ပျော်တယ် ဦးရဲ့။ ခုလို တန်ဆောင်တိုင်မီးပုံးပျံပွဲ (၁ဝ)ရက်မှာ တစ်နေ့ ဘူးခွံကောက်လို့ရတဲ့ငွေက ၁ဝဝဝဝ ဖိုး လောက်ရှိတယ်။ ပြီးတော့ တစ်နှစ်မှတစ်ကြိမ်ပဲ ကျင်းပရတဲ့ ရိုးရာအစဉ်အလာပွဲလေးမို့ ပင်ပန်း ခဲ့တဲ့ တစ်နှစ်တာလုံး ဒီမီးပုံးလေးတွေနဲ့အတူ အဝေးကို လွှင့်ပစ်ခဲ့နိုင်ပါတယ် ဦးရယ်။ သား တို့က ဆင်းရဲတဲ့သူဆိုတော့ ရုံဝင်ကြေးပေးရ တဲ့ အဆိုတော်တွေပွဲကို မတတ်နိုင်ဘူးလေ။ ခုလို ပုဂ္ဂိုလ်မရွေး စည်စည်ကားကားကြည့်ရတော့ သား အရမ်းပျော်တာပဲ''
သူ၏နားထဲတွင် ကလေးငယ်၏အသံကို အထပ်တလဲလဲ ကြားနေမိသည်။ မိမိတို့ မီးပုံး ပျံ မလွှတ်တင်မီက ဘူးခွံများ လိုက်လံကောက် နေသည့် ကလေးငယ်ကို ခဏတာ စကားပြော ကြည့်သောအခါ ကလေးငယ်ကအထက်ပါအ တိုင်း ပြောပြခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့ မီးပုံးပျံကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးတောင် ကြီးမြို့ကို ဆက်လက်မအိပ်ဝံ့ရဲတော့ပဲ ချက် ချင်းပင် ဦးလေးစိုင်းလူကိုပြောကာ တစ်ယောက် တည်း ကားမောင်းထွက်လာခဲ့တော့သည်။ သူမ . . . ။ သြော် သူမ၏ ဖုန်းမက်ဆေ့တွင် စိုင်းနောင် မက်ဆေ့ချန်ထားခဲ့သည်။ သူမ အိပ်ယာနိုးလျှင် ဖတ်ကြည့်မိမည်ထင်သည်။ ဒီစာကို သူ၏ နှလုံးသားမှလာသော စကားလုံး တို့ဖြင့် ရေးထားခဲ့ခြင်းပင် ဖြစ်၏။
''ဟွမ်ဖွေးရေ . . . ။ ငါ မှားခဲ့ပါတယ် ဟာ။ ဟိုအရင်က မီးပုံးပျံလွှတ်ခြင်းကို အလ ကားသက်သက် ငွေကို ဖြုန်းတီးခြင်းပဲလို့ ငါ တွေးခဲ့မိတာတွေ ကိုယ်ကိုယ်တိုင် ပါဝင် ဆင်နွှဲတော့မှ ဒီအတွေးဟာ မှားခဲ့တယ်ဆိုတာ ငါ သိလာရတယ်။ ကလေးငယ်တစ်ယောက်နဲ့ ငါ စကားပြောမိတယ်။ အဲဒီကလေးငယ်က ငါ့ကို အသိဥာဏ်ဖွင့်ပေးလိုက်သလိုပဲ။ အစကတော့ နင့်အချစ်ကိုလိုချင်လွန်းလို့ ငါမုန်းတဲ့ ဒီမီး ပုံးပျံလွှတ်တာကို ဇွတ်မှိတ်လုပ်ခဲ့တယ်။ နောက် တော့ ငါ့ရဲ့သွေးကြောထဲမှာ တိုင်းရင်းသား တွေ ညီအစ်ကိုချစ်တဲ့စိတ်၊ စည်လုံးမှုအင်အား၊ ရိုးရာအမွှေအနှစ်ရဲ့ ထိန်းသိမ်း စောင့်ရှောက် ခြင်းတွေ ငါ အမှန်တကယ် သိခဲ့ပါပြီ။ မမေ့သင့် တဲ့အရာတွေထဲမှာ အစဉ်အလာ တစ်ခုလည်း ပါရှိတယ်ဆိုတာ ငါ နားလည်ခဲ့ပါပြီ။ မီးပုံး ပျံလွှတ်နိုင်ခဲ့လို့ ငါ့ကို ချစ်တာထက် ငါ့ကိုအ မှန် တကယ်ချစ်လို့ ချစ်တယ်ဆိုတဲ့ အဖြေကိုပဲ ငါ ရချင်ပါတယ်။ ခုတော့ နင်နဲ့မျက်နှာခြင်းမ ဆိုင်ဝံ့လို့ ရန်ကုန်ကို ငါ ပြန်နှင့်ပါပြီ။ နှုတ်ဆက် ခဲ့ပါတယ် ဟွမ်ဖွေးရေ။ ဘိုင့် ဘိုင့်''
.
.
.
#KBZTai #Shan